မော်လမြိုင် ဇွန် ၉
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စန်းစန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မွန်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင် အားတက်သရော ပူးပေါင်းပါ၀င် လှူဒါန်းပေးခြင်းအတွက် များစွာ ဂုဏ်ယူ၀မ်းမြောက်မိပါကြောင်း၊ လှူဒါန်းရရှိတဲ့ အလှူငွေများကိုလည်း အကျိုးရှိရှိ အသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်များ၏ ကျောင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးအတွက် လှူဒါန်းပေးသွားမည် ဖြစ်ပါကြောင်း၊ မျက်စိခွဲစိတ်ကုသတဲ့ နေရာများမှာ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေလုပ်ငန်းများ လူမှုရေးဆောင်ရွက်မှု လုပ်ငန်းများတွင် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်မိသားစုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထိုနောက် အလှူရှင် ဦးမြင့်ဇော်ဦးနှင့် ဇနီး ဒေါ်နန္ဒာရွှေမိသားစုမှ အလှူငွေ သိန်း (၂၀)ကျပ်၊ Care Myanmar နွေးထွေးသောရင်ခွင်မှ ဦးဇော်မိုးအောင်က ရေချိုးဆပ်ပြာ၊ အမျိုးသမီးသုံးပစ္စည်းများနှင့် ခေါက်ဆွဲခြောက် စုစုပေါင်း တန်ဖိုးငွေ (၉၈၀၀၀၀)ကျပ်ကို ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လက်ခံရယူခဲ့ပြီး ပြည်နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်မြသန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)