ရွှေပြည်သာ ဇွန် ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၁)အခြေခံပညာ မူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၃၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၄)ကျောင်း စုစုပေါင်း(၈၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ရွှေပြည်သာမြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲကာအလှည့်ကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအဆင်ပြေစွာ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မိဘများကကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)