စမ်းချောင်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် စာပေဝါသနာပါသူ လူငယ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အသက်နှစ်ဆယ်အရွယ်များသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းဝင်းက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် “အသက်နှစ်ဆယ်အရွယ်များသို့” စာအုပ်ပါအကြောင်းအရာများကို မိတ်ဆက်ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စမ်းချောင်းမြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များဖြစ်ကြသည့် မပြည့်ဖြိုးဝါ၊ မောင်စွမ်းပြည့်သူ၊ မသန္တာမေနှင့် တက်ရောက်လာကြသည့် လူငယ်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အသက်နှစ်ဆယ် အရွယ်များသို့”စာအုပ်ပါ စစ်မှန်တဲ့မိတ်ဆွေကောင်း၊ အခက်အခဲကိုဇွဲနဲ့ ဖြတ်ကျော်၊ အားတင်းထားစမ်းပါသမီးရာ၊ အောင်မြင်မှုမှပိုမိုအောင်မြင်ခြင်းများသို့၊ ခေါင်းဆောင်မှုဟန်လေးမျိုး စသည့် ခေါင်းစဉ်ခွဲများအလိုက် အသီးသီးဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စမ်းချောင်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးအစီအစဉ်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း