ငါးသိုင်းချောင်းမြို့၊ အ-ထ-က၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ငါးသိုင်းချောင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ (အ-ထ-က) ကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်လျက် ခရိုင်နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်က ဟောပြောပွဲ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပုသိမ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစံက ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အားကစားပုံမှန်လှုပ်ရှားပေး ခေါင်းစဉ်ဖြင့် အားကစားနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောခြင်း၊ အ-ထ-က၊ ငါးသိုင်းချောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအကြောင်း ဟောပြောခြင်း၊ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်နှင်းယုဝေက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး၊ ကာယလေ့ကျင့်ခန်းအစီအစဉ်ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သရုပ်ပြလေ့ကျင့်ခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲအစီအစဉ်ကို ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ဗလငါးတန် ဘက်စုံဖွံဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရပြီး ဟောပြောပွဲသို့ အ-ထ-က ငါးသိုင်းချောင်းကျောင်းရှိ ဆရာ/ဆရာမများနှင့် Grade-10 ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)