လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း အခြေခံပညာကျောင်းသား / သူများအား ကိုဗစ်-၁၉-ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်က အမှတ်(၃) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း အမှတ်(၁၈)နှင့် အခြေခံပညာမူလတန်းကျောင်း အမှတ်(၃)တို့တွင် ထိုးနှံပေးလျက်ရှိသည်။
ထို့နောက် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၀၁၀)ဦး ထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား/သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သက်ဆိုင်ရာစုရပ် ကျောင်းများတွင် ကာကွယ်ဆေးထိုးနှံချိန်အတွင်း အောက်ဆီဂျင်ဘူးများ အသုံးပြုနိုင်ရန် အဆင်သင့်ဆောင်ထားပေးလျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ မိဘပြည်သူများက ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဇူလိုင်လ(၈)ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံရမည်ဖြစ်ကြောင်းကို တာ၀န်ရှိသူထံမှ သိရသည်။
ခင်၀င်းမူ