သာကေတ ဇွန် ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ကျောင်းနေအရွယ်ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေးစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်အား ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀) နာရီတွင် အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၇၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်ကြီးကြပ်ကာ မြို့နယ်အခြေခံပညာ ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပရဟိတလူမှုကူရေးအသင်းတို့ပေါင်း၍ ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ/မရှိ စနစ်တကျစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ်အား ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ပထမအကြိမ်ထိုးနှံရန် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၈၉၀၆)ဦးရှိရာ(၁၁၈၅)ဦးအား ထိုးနှံပြီးကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)