ဒဂုံမြောက် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၇)အခြေခံ ပညာမူလတန်းကျောင်း၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၆ ရက်နေ့မှစတင် ထိုးနှံပေးရာ ကျောင်းသား၊ ကျောင်းသူ(၂၀၈၃)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။
မြင့်မြင့်ရီ