သန်လျင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေး ထုတ်ပြန်ချက်များအား ပြည်သူများသိရှိနိုင်ရေး မြေစိုက်ပိုစတာဖြင့် ပြသထားရှိ

ရန်ကုန် စက်တင်ဘာ ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားအစားဝန်ကြီးဌာနမှ ကျန်းမာရေးအသိပညာပေး ထုတ်ပြန်ချက် များအား ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် ၉ ပေ ၆ ပေ ဗီနိုင်းမြေစိုက်ပိုစတာအား သန်လျင်မြို့ ဘုရားကုန်းကျေးရွာ သန်လျင်-ကျောက်တန်းသွား လမ်းမဘေး၌ ပြသထားရှိ ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး မှ ယမန်နေ့ နံနက် ၁၀ နာရီက သိရသည်။

အသိပညာပေး မြေစိုက်ပိုစတာတွင် "ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမဖြစ်ပေါ်စေရေး အတွက် ပြည်သူများအနေဖြင့် လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြ ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နှိုင်ပါကအနည်းဆုံး (၆)ပေ အကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာ များသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျ မပျက်မကွက် တပ်ဆင်ရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးများ ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာ အောင် ဆေးကြောရန်၊ နိုင်ငံခြားမှ ပြန်ရောက်လာသူများအား အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့် ထားရှိ စောင့်ကြပ် ကြည့်ရှုခြင်း(Quarantine)လုပ်ငန်းစဉ်များ အပြည့်အဝ ပူးပေါင်းပါဝင်ရန်နှင့် တရားမဝင် ပြန်လည် ဝင်ရောက်လာသူများ တွေ့ရှိပါက မဖြစ်မနေ သတင်းပို့ရန် စသည့်အချက်များအား ပညာပေး ဖော်ပြထားရှိကြောင်း" သိရသည်။

အဆိုပါ မြေစိုက်ပိုစတာအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် BRAC Myanmar တို့ ပူးပေါင်း၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသိပညာပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းရွှေက ပြောကြားသည်။

သက်ခိုင် (သန်လျင်)