မိုင်းယောင်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ကို တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ကော်မတီဝင်များ၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးအားထူယာ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် လက်ဆေး ဘေစင်များ၊ လက်သန့် ဆေးရည်များထားရှိခြင်း ရှိ/မရှိ၊ ဆိုင်ပိုင်ရှင်များ နှာခေါင်းစည်းနှင့် လက်အိတ် တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆိုင်အတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန် ဆိုင်ထိုင်စားသုံးသူများအား သတ်မှတ်အကွာအဝေးဖြင့် စားသုံးစေခြင်း၊ နေရာထိုင်ခင်းများ စီစဉ်ထားရှိခြင်း ရှိ/မရှိ၊ ကျန်းမာရေးအသိပညာပေးဗီနိုင်းပိုစတာများ တပ်ဆင်ထားခြင်း ရှိ/မရှိနှင့် ကောင်တာရှေ့တွင် မှန်ကာထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့သည်။
ထို့ပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟန်စိုးက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေး ဆွေးနွေးပြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း