မိုးနဲ ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စ ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူ ကြည့်ရှုလေ့လာသိရှိနိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက ပြင်ဆင်ခင်းကျင်းပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ၊ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့မှုများ၊ ဘာသာပေါင်းစုံ အဖွဲ့အားတွေ့ဆုံမှုများ၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)နှင့် နောက်ဆက်တွဲများ၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၊ လိုင်ဇာညီလာခံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးစသည့် နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ချိတ်ဆွဲပြသဆောင်ရွက်ထားကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လစဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများ၊ မြို့နယ်တွင်းဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များနှင့်အများပြည်သူ သိသင့်သိထိုက်သည့် အသိပညာပေး အကြောင်းအရာများအား စဉ်ဆက်မပြတ် လဲလှယ်ပြသ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)