တာမွေ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အစိုးရနှင့် ပုဂ္ဂလိက ရုံးဌာနများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စျေးများ၊ ဘာသာရေးဆိုင်ရာ အခြား အများနှင့်သက်ဆိုင်သောနေရာများ၊ ရပ်ကွက်များရှိ လူနေအိမ်များ၊ လမ်းများ၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်ဦးစားပေး အစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ တာမွေမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခြင်များခိုအောင်းနိုင်ခြင်း မရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ခြင်ဆေးများမှုတ်ပေးခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့် ရေတင် ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် မီးသတ်ကန်များ/ ရေသိုလှောင်ကန်များအတွင်း ခြင်များ ပေါက်ပွားမှု ကင်းဝေးစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်းစသည်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၁-ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၆၇)ဦးအထိရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၂၂-ခုနှစ်-ခုနှစ် ဇန်နဝါရီလမှ မေလအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၅၀၀)ကျော်ရှိခဲ့ကာ သေဆုံးသူနှစ်ဦးအထိရှိခဲ့တာကြောင့် အခုလိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နိုင်လင်းအောင်