တာချီလိတ် စက်တင်ဘာ ၇
ရှမ်းပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အဝင်လမ်းဆုံ၌ Free Way လမ်းသားဖော်ဆောင်ခြင်း၊ လမ်းသားတိုးချဲ့ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်သဖြင့် မီးဆိုင်းတပ်ဆင်ခြင်း၊ လျှပ်စစ်ဓာတ်တိုင်များ ရွှေ့ပြောင်းစိုက်ထူခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
Free Way လမ်းဖော်ဆောင်ရာ၌ လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ခဲ့ရာ လမ်းနယ်အတွင်း ရောက်ရှိနေသော လျှပ်စစ်ဓာတ်တိုင် များနှင့် ဓာတ်ကြိုးများ ဖြုတ်သိမ်း၍ လမ်းနယ်နှင့်လွတ်ကင်းသောနေရာတွင် လျှပ်စစ်ဓာတ်တိုင်သစ်စိုက်ထူပြီး လျှပ်စစ်ဓာတ်ကြိုးများကို စနစ်တကျ ပြန်လည် တပ်ဆင်ပေးလျက်ရှိသည်။
(၁၆)မီတာအမြင့်ရှိ ပါဝါလိုင်းကြိုး တပ်ဆင်ရန်အတွက် လျှပ်စစ်ဓာတ်တိုင်(၁၃)တိုင်ကို ပြောင်းလဲတပ်ဆင်ရာတွင် ပြည်သူများဘေးအန္တရာယ် ကင်းစေရန် တာချီလိတ်မြို့အား လျှပ်စစ်မီး တစ်ရက်တာဖြတ်တောက် လုပ်ဆောင်နေကြောင်း သိရသည်။
လုပ်ငန်းများကို တာချီလိတ်မြို့(လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း)နှင့် မြို့မီးလင်းရေး ကော်မတီရုံးခွဲတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ညအချိန်၌ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အမြင့်ပေ(၄၀)ခန့်ရှိ တန်ဖိုးငွေ ကျပ်သိန်း(၃)ရာကျော်ရှိ မီးလုံးကြီး ရှစ်လုံးပါသော မီးဆိုင်းကြီးကို မြို့မီးလင်းရေးနှင့်အဖွဲ့ခွဲတို့မှ ကျခံပြီး Free Way လမ်းဆုံ၌ တပ်ဆင်ပေးခဲ့ကြာင်း သိရသည်။
Free Way လမ်းဖော်ဆောင်ခြင်းနှင့် မီးဆိုင်းတပ်ဆင်ခြင်း၊ လျှပ်စစ်ဓာတ်တိုင်များရွှေ့ပြောင်းစိုက်ထူခြင်းများကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွန်မှုနှင့်စည်ပင်သာယာရေးကော်မတီ၏ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက် ရှိကြောင်း တာချီလိတ်မြို့ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း) ကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်ထံမှ သိရှိရသည်။
ယာဆေး (ပြန်/ဆက်)