သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ (၁၀၈၁)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပြီးစီး

သိန္နီ ဇွန် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူဦးရေ(၁၀၈၁) ဦးရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် သိန္နီမြို့ အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့် အဖွဲ့ဝင်များ၊ သိန္နီမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအုန်းရီနှင့် ဆရာ/ဆရာမများက ကလေးငယ်များ ဆေးထိုးနှံရာတွင် အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများကို မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ကို ရယူပြီးဖြစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ ကျန်ရှိနေသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)