ကျိုင်းတုံမြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး Talk Show  ဆွေးနွေးပွဲပြုလုပ်

ကျိုင်းတုံ ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းစံဖူးလောဝ်က နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ မိမိဒေသ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အခြေခံ၊ အဆင့်မြင့်ပညာရပ်များ သင်ကြားလေ့ကျင့်ပေးနေမှုများ၊ နယ်စပ်ဒေသမှ အမျိုးသမီးငယ်များအား အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းများ သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ဒေသအသီးသီးတွင်နေထိုင်သော တိုင်းရင်းသားလူငယ်များကို အခြေခံပညာအလယ်တန်းမှ အထက်တန်းအထိ အခမဲ့ပညာသင်ကြားပေးနေမှု စသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)