မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအားအသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံ နက် (၇)နာရီက မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းလှုပ်ရှားသွားလာသူများအား Mask တပ်ဆင်သွားလာရေး မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် နေ့စဉ်အသိပညာပေးဆောင်ရွက်လျက် ရှိရာ  ယနေ့ နံနက်ပိုင်းက Mask တပ်ဆင်သွားလာခြင်း မရှိသူ(၃)ဦးအား ဒဏ်ပေးသည့်အနေဖြင့် Mask (၁၀)ခု ဝယ်ယူစေပြီး (၅)ခုအား မြို့နယ်COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံ လှူဒါန်း၍ ကျန်(၅)ခုအနက် တစ်ခုကိုတစ်ပါတည်း တပ်ဆင်စေပြီးမှသာ လိုရာခရီးသို့ ဆက်သွားခွင့်ပြုခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးရှေ့၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံလမ်းဆုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုထွန်းတို့ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၁၂၀)ယာဉ်ထိန်းတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)