ရပ်စောက် ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြေနီကုန်းကျေးရွာဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှ အမှတ်(၄) တပ်မတော်ဆေးရုံ(ခုတင်-၁၀၀)နယ်လှည့်ဆေးကုသရေးအဖွဲ့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဌာနအလိုက်သက်ဆိုင်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မျိုးဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)