တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအား စျေးအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်ခြင်း ရှိ/မရှိ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တာမွေ ဇွန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (စျေးများနှင့် ကုန်စည်ပွဲရုံများဌာန) မှ ဒုတိယဌာနမှူး ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်း ဦးဆောင်ပြီး ခရိုင်/ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း စျေးအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်ခြင်း ရှိ/မရှိကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာမွေ (ယာယီ) စျေးအတွင်း သား/ ငါး/ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား ကျန်းမာရေးနှင့် ညီညွတ်စွာရောင်းချနေမှု အခြေအနေများ၊ လူသုံးကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများ၊ စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်ထားရှိမှုများ၊ စျေးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ စျေးသူ/သားများ၏ ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရေး အတွက် ဆောင်ရွက် ထားရှိမှုများ၊ စျေးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ (ယာယီ) စျေးတွင် စားသောက်ကုန် ပစ္စည်းများအပြင် လူသုံးကုန်ပစ္စည်းမျိုးစုံကို တစ်နေရာထဲ ဝယ်ယူရရှိနိုင်တာကြောင့် မြို့နယ်အတွင်းရှိ ပြည်သူများ အပြင်နီးစပ်ရာ မြို့နယ်များမှ ပြည်သူများကပါ အဓိကအားထားရာ လက်လီ/လက္ကား စျေးကြီးတစ်ခုဖြစ်ကြောင်း၊  တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါ တာမွေ (ယာယီ) စျေးအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေရေး၊ စျေးအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)