မိုင်းဆတ် ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကို ပုဂ္ဂလိကဈေး၌ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ရက်လွန်အေးခဲအသား၊ Date လွန် အစားအသောက်များ ရောင်းချမှုမရှိစေရန် ယနေ့နံနက်(၈)နာရီခွဲက မြို့နယ်စည်ပင်သာယာရေးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ ရှောင်တခင်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သူ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်နှင့် တာဝန်ရှိသူတို့က အသား၊ ငါးနှင့် အခြားအစားအသောက်များ ဝယ်ယူစားသုံးကြသည့် တောင်ပေါ်ကျေးရွာနေဒေသခံပြည်သူများ ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရန်၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချရေး၊ ဈေးသည်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးပြီးသော ဝက်သား၊ အမဲသား များကိုသာ ရောင်းချရေး၊ သတ်မှတ်ရက်ကျော်လွန်သော အေးခဲအသား၊ ငါး၊ ဒေသကြက်နှင့် Date လွန်အစားအသောက်များ လုံးဝရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ပြီး ဝယ်ယူစားသုံးသူများ၏ ကျန်းမာရေးထိခိုက်စေနိုင်သော အသား၊ ငါး၊ ဒေသကြက်နှင့် Date လွန် အစားအသောက်များ ရောင်းချမှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သူက အသိပညာပေး ပြောကြားခဲ့သည်။
မြင့်မောင်(ပြန်/ဆက်)