ကျောက်တလုံးကြီး ဇွန် ၉
၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်၊ စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲခန့်က တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က မူးယစ်ဆေးဝါးကို ဘုံရန်သူအဖြစ် သတ်မှတ်ကာ ရှောင်ရှားစေလိုကြောင်း၊ အမျိုးသား ရေး တာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ လူငယ်၊ လူရွယ်များ အနေဖြင့် မူးယစ်နွံထဲမရောက်ဖို့ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်စာအုပ်စာစောင်နှင့် နံရံကပ်စာစောင် ပြပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေး အသုံးပြုခြင်းကြောင့်ခံစားရသော နောက်ဆက်တွဲဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ စိတ်ကြွရူးသွတ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများစသည့်နံရံကပ်စာစောင်တိုကို ပြသထားပြီး၊ စာအုပ်စာစောင် ပြပွဲတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များနှင့် အခြား သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာကြကြောင်းသိရသည်။
စည်သူ(ပြန်/ဆက်)