လှည်းကူး ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီ က လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများစနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား မိနစ်(၃၀)ခန့်အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူ(၁၂၅)ဦးထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ဇူလိုင်လ(၈) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။
အေးအေးနွဲ့