တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ် ဆက်လက်ထိုးနှံ

တောင်ဥက္ကလာပ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁ဝး၀၀)နာရီကစ၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစုရပ်၌ ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်မှ လာရောက်ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစို့ညွှန့်ဦး၊  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌ အေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌‌ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးလျှက်ရှိကြောင်း၊ ဇွန်လ ၈ ရက်နေ့တွင်ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ ဆေး Sinopharm ထိုးနှံသူကျောင်းသား၊ ကျောင်းသူ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ(၂၆၉)ဦး၊ အမှတ်(၂)အခြေခံပညာ အလယ်တန်း ကျောင်းမှ(၆၂)ဦး၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းမှ(၇၇)ဦး၊ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းမှ(၄၂)ဦး စုစုပေါင်း(၄၅၀)ဦးအား ပထမအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သတင်းရရှိသည်။

 

ခင်ဆွေနှင်း