သိန္နီ ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ရိုက်ကူးခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး ရောက်ရှိလာမှုအခြေအနေများ၊ မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းနှင့် သွင်ပြင်လက္ခဏာများကို ဆွေးနွေးသည်။ ထို့နောက်ဒုတိယဦးစီးမှူး ဒေါ်စုမြတ်လင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ လူမှုရေးဆိုင်ရာထိခိုက်မှုများနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။ အဆိုပါ (Talk Show) အစီအစဉ်ကို သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Hseni Facebook Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)