တပ်ကုန်း ဇွန် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မြင့်မားရေး တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရေအေးကျေးရွာအနီး၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသည့်ကျေးရွာအုပ်စုများမှ တောင်သူများက ကျေးရွာအတွင်းလမ်း၊ ကုန်ထုတ်လမ်း၊ မြစိမ်းရောင်စီမံကိန်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် လက်လုပ်ဆည်ပြုပြင်ဆောင်ရွက်ရေး၊ သွင်းအားစုများ စျေးနှုန်းသင့်စွာရောင်းချပေးရေးတို့ကို ရှင်းလင်းတင်ပြကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးက တောင်သူများ တင်ပြမှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း၍လည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဋ္ဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဋ္ဌာနတို့က ယခင် ညောင်လွန့်ကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ(KC)ခန်းမ၊ တောင်သူများနှင့်တွေ့ဆုံပွဲတွင် တောင်သူများ၏ တင်ပြမှုလုပ်ငန်းစဉ်များ ကွင်းဆင်းကြည့်ရှုအချက်အလက်များ ရှင်းလင်းတင်ပြကြ၍လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဋ္ဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာစံထွန်းဝေက မွေးမြူရေးနှင့်ကုသရေးဦးစီးဋ္ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများတန်ဖိုးမြင့်သီးနှံများဖြစ် စိုက်ပျိုးထုတ်လုပ်မှု တွင်ကျယ်လာရေး၊ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ အရည်အသွေးမြင့်ထုတ်ကုန်များ ကျယ်ပြန့်စွာဆောင်ရွက်လာရေး၊ စိုက်ပျိုးသီးနှံထုတ်လုပ်မှု အရည်အသွေးနှင့် တိုးတက်ထုတ်လုပ်နိုင်သော လယ်ယာစီးပွားလုပ်ငန်းများထွန်းကားလာရေးနှင့် သစ်အစားဝါအသုံးပြုရေး၊ ဝါပင်များစိုက် ပျိုးရေးနှင့် ဝါပင်အသုံးဝင်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြား၍လည်းကောင်း၊ တောင်သူများ လိုအပ်သည့်တင်ပြချက်များကို ဋ္ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် တရော်ပင်အင်းကျေးရွာ၊ ကွင်းအမှတ်(၂၀၃၂)၊ နွေစပါးတင်း(၁၂၀) အထက် ထွက်ရှိရေး စံပြကွက် (၁၀.၀၀)ဧက၊ စူပါနှံကောက်စပါးစိုက်ခင်းအားကြည့်ရှုခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်နှင့် တောင်သူများက စူပါနှံကောက်စိုက်ပျိုးဆောင်ရွက်မှုနှင့် စိုက်ခင်း အောင်မြင်နေမှုအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
တင်စိုးလွင်