ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (Covid-19 Economic Relief Plan-CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ် လုပ်ငန်းအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်

တောင်ကြီး စက်တင်ဘာ

ကိုဗစ် -၁၉စီးပွားရေးကုစားမှု( Covid-19 Economic Relief Plan-CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင်ရပ်စောက်မြို့နယ်၊ အလယ်​ချောင် ကျေးရွာအုပ်စု၊ ​တောင်​ကွေး ကျေးရွာ၊ဘက်စုံသုံး​ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရပ်စောက်မြို့နယ်တွင်မျိုးစေ့ထုတ်တောင်သူ (၇၈) ဦးနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် မိုးစပါး မျိုးစေ့ထုတ် ဧက စုစုပေါင်း(၂၄၇) ဧကအတွက်အထွက်​ကောင်းစပါးမျိုးအတွက် မျိုး​စေ့ထုတ်တစ်ဧကလျှင် မျိုး​စေ့ဖိုး (၈၅၀၀)ကျပ် ၊စိုက်ပျိုးစရိတ် (၇၅၀၀၀)ကျပ် ၊ မျိုးကွဲပယ်ခြင်း(၅၀၀၀၀)ကျပ်၊ မျိုးသန့်စင်ခြင်း(၁၅၀၀၀)ကျပ်၊ စုစု​ပေါင်း တစ်ဧကလျှင်(၁၄၈၅၀၀)ကျပ်နှုန်းဖြင့်​မျိုးစေ့ထုတ်တောင်သူများ လက်ဝယ်သို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူများ လက်ဝယ်အရောက်ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံပေးအပ်ရာတွင်ရပ်စောက် မြို့နယ်မှ မျိုးစေ့ထုတ်ဧက (၂၄၇)  ဧက အတွက် စုစုပေါင်းထောက်ပံငွေ (၃၆.၆၇၉၅) သန်း ထောက်ပံ့ပေးသွားရန်ဖြစ်ပြီး ပထမအကြိမ် ငွေကျပ် (၂၀.၆၂၄၅)သန်း ​ထောက်ပံ့ပေးပြီး ဖြစ်၍ ယနေ့အခမ်းအနားတွင် (၂၄၇) ဧကအတွက် ဒုတိယအကြိမ် ငွေကျပ် (၁၆.၀၅၅)သန်း ထပ်မံထောက်ပံပေးခဲ့ခြင်းဖြစ်ကြောင်း ၊ Covid-19 ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် ကိုဗစ် -၁၉ စီးပွားရေးကုစားမှု (Covid-19 Economic Relief Plan-CERP) အစီအစဥ်အရ တစ်နိုင်ငံလုံး၌ မိုးစပါး မျိုးစေ့ထုတ် ဧက တစ်သိန်း စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်း၌ (၄၃၁၈) ဧက ၊ မြို့နယ်ပေါင်း (၅၀)၊ ကျေးရွာပေါင်း (၂၅၉)ရွာ၊ တောင်သူပေါင်း (၁၅၈၆) ဦး နှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးဇော်ဝမ်းထွန်းထံမှ သိရသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် ၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦး ၊ တောင်ကြီး ခရိုင်ဦးစီးမှူး၊ ဦး​ဇော်ဝင်းထွန်း၊ ရပ်စောက်မြို့နယ်ဦးစီးမှူး၊ မျိုးစေ့ထုတ်တောင်သူများ ရပ်မိရပ်ဖများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)