ကျောက်ဆည် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်၊ နေလသုခဗိမာန်(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲဒုတိယနေ့အဖြစ် ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
နိကာယ်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ သံဃာတော်များမှ ဇွန်လ(၇) ရက်နေ့မှစတင်ကာ ဇွန်(၁၁)ရက်နေ့အထိ အုပ်စု(၁)မှအုပ်စု(၉)အထိ ပိတ်ရက်မရှိဖြေဆိုသွား မည်ဖြစ်ကြောင်းသိရှိရပြီး ဇွန်လ(၇)ရက်နေ့တွင် သံဃာတော်(၅၄)ပါး၊ (၈)ရက်နေ့တွင်(၂၂)ပါး၊ (၉)ရက်နေ့တွင်(၆၀)ပါး၊ (၁၀)ရက်နေ့တွင်(၁၆)ပါး၊ (၁၁)ရက်နေ့တွင် (၃၅)ပါး စုစုပေါင်း (၁၈၇)ပါး ဖြေဆိုရန်စာရင်းသွင်းကာ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ အစိုးရနိကာယ်စာမေးပွဲများကျင်းပရာတွင် မြို့နယ်သံဃနာယကအဖွဲ့နှင့် စာသင်တိုက်များမှဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များပါဝင်သောကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီး ထပ်ဆင့်ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဆောင်ရွက်ခဲ့ကြပြီး ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များ ဆွမ်း၊ ကွမ်းဖူးလုံရေး မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက နေ့စဉ်ကုသိုလ်ပြုလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)