နမ့်ဆန်မြို့နယ်၌ ကြက်ခြေနီတပ်ဖွဲ့၏ လူမှုဂရုဏာလုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

နမ့်ဆန် ဇွန် ၉

ကြက်ခြေနီတပ်ဖွဲ့၏ လူမှုဂရုဏာဆောင်ရွက်မှုအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နေ့လည် (၁)နာရီအချိန်က ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးခင်မောင်က “ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ် ကူညီသွား” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံကြက်ခြေနီနေ့သမိုင်းကြောင်း၊ ကြက်ခြေနီတပ်ဖွဲ့၏ လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ပြည်သူများ၏အကျိုးအတွက် စေတနာထားဆောင်ရွက်ပေးမှုများကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Showကို IPRD Namhsan Facebook Page မှ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)