နမ္မတူမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူ (၃၀၀)အား ပထမအကြိမ် (Sinopharm)အမျိုးအစားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

နမ္မတူ ဇွန် ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် နမ္မတူမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူ(၃၀၀)ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူ (၃၀၀)ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ကာကွယ်ဆေးတစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်က ပြောသည်။

အဆိုပါ ကာကွယ်ဆေးများထိုးနှံသည့်နေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ရေးကော်မတီ ဥက္ကဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်မိခင်နှင့်ကလေးအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကုသရေးနှင့်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်လွင်နှင့် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးတို့က အနီးကပ်ကြီးကြပ်လျက် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သည့် ကျောင်းသားကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်မိခင်နှင့်ကလေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသားကျောင်းသူ(၃၀၀)ဦးတို့အား အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော်(ပြန်/ဆက်)