မိတ္ထီလာ ဇွန် ၉
မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ နှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းနိုင်(ငြိမ်း)က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ (စည်ပင်ပြင်ပ) မှ အတွင်းရေးမှူး ဗိုလ်ကြီးအောင်ကျော်စွာ (ငြိမ်း) က ၂၀၂၁-၂၀၂၂ ကာလတိုဘဏ္ဍာနှစ် အစီရင်ခံစာအား ဖတ်ကြားခဲ့သည်။
ထို့နောက် မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးနန္ဒကျော်သူ (ငြိမ်း) က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရသုံးခန့်မှန်းခြေစာရင်းများ၊ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်းနှင့် လစ်လပ်နေသည့် အမှုဆောင် နေရာများအတွက် ရွေးချယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှုဆောင်လောင်းများနှင့် မိတ်ဆက် ပေးခဲ့သည်။ ယင်းနောက် အမှုဆောင်နေရာများအတွက် အမှုဆောင်များအားရွေးချယ်ခဲ့ပြီး မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှုဆောင်များအား ခန့်အားလွှာများ ပေးအပ်ခဲ့သည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့်အဖွဲ့ဝင်များ၏ တင်ပြချက်များကို မိတ္ထီလာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးမောင်မောင်ရှင် (ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ (စည်ပင်ပြင်ပ) မှ အတွင်းရေးမှူး ဗိုလ်ကြီးအောင်ကျော်စွာ(ငြိမ်း)၊ မိတ္ထီလာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးသန်းနိုင်(ငြိမ်း)နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)