မိုင်းလုံ ဇွန် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံစိုက်ပျိုးမည့်တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းအချိန်က မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းထွဋ်လင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စိုးစိုးအေးက ဆီထွက်သီးနှံနေကြာ စိုက်ပျိုးနည်း၊ ရောဂါပိုးမွားကာကွယ်နည်း၊ မြေဩဇာထည့်နည်းနှင့် စပါးပျိုးထောင်ရာတွင် သိသင့်သိထိုက်သောအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တောင်သူများကလည်း သိလိုသည်များကိုမေးမြန်းခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှမြို့ဦးစီးမှူးက တောင်သူများ၏ မေးမြန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးကြမည့် တောင်သူ ၂ ဦးအား တစ်ဦးလျှင် ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့ သုံးကီလိုပါတစ်အိတ် မော်နီတာဂျစ်ပ်ဆမ် ၂၅ ကီလိုပါ တစ်အိတ်နှင့် အခြားတောင်သူများကို ပိုက်ဆံလျှော်၊ ပဲပုပ်ရေဆင်း(၁၅)၊ ခေါက်ဖိပန်စပါးမျိုးစေ့နှင့် ယူရီးယားဓာတ်မြေဩဇာများကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းထွဋ်လင်း၊ မြို့စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြပြီး တောင်သူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မိုင်းလုံမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)