ရမည်းသင်းမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ် လုပ်ငန်းများဆောင်ရွက်

ရမည်းသင်း    ဇွန်   ၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရောဂါမျိုး သယ်ဆောင်သော ပိုးမွှားကောင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ညနေ ၄ နာရီက ရွှေပြည်သာရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် ရွှေပြည်သာရပ်ကွက် နေအိမ်များရှိ ရေရှိသည့် ဘုရားပန်းအိုး၊ သောက်သုံးရေထားရှိသည့်နေရာများအတွင်း စစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း (ပိုးလောက်လမ်းသတ်ဆေး)၊ ခြင်ဆေးမှုတ်ခြင်း (သက်ကြီးကောင်နှိမ်နင်းရေး) လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးကာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိမ်နင်းရေး ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် ကာကွယ်ရေးဆိုင်ရာ အသိပညာများကို ပြည်သူလူထုအတွင်း ပျံ့နှံရောက်ရှိပြီး ကိုယ်တိုင်လိုက်နာကျင့်သုံးနိုင်ကြစေရန် ရည်ရွယ်ချက် များဖြင့်မြို့ပေါ်ရပ်ကွက်ကြီး(၅)ရပ်ကွက်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် တိုက်နယ်အလိုက် နေ့စဉ်အိမ်တိုင်ရာရောက် ဘုရားပန်းအိုး၊ သောက်သုံးရေထားရှိသည့် နေရာများအတွင်း စစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခပ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်း (ပိုးလောက်လန်းသတ်ဆေး) လုပ်ငန်းများကို တစ်အိမ်တက်ဆင်း လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

(ခရိုင်ပြန်/ဆက်)