ပျဉ်းမနား ဇွန် ၈
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်မှု မရှိကြသည့် ရပ်ကွက်/ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက် ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က(ညောင်ပင်သာ)၊ အ.ထ.က (သကြားစက်)နှင့် သကြားစက်ရုံဝန်ထမ်းများအား သွားရောက်ငှားရမ်း ပေးကြသည်။
စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ရသ စာအုပ်မျိုးစုံ (၂၀၀၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ရောဂါဖြစ်ပွါးမှုနှုန်း လျော့နည်းကျဆင်းလာပြီဖြစ်သောကြောင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်းပေးနေခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)