ကော့မှူး ဇွန် ၈
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းအား ကိုဗစ်-၁၉ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့် က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိစေရန်နှင့် စာပေကောင်းများ ပိုမိုလေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် အပြန်အလှန်ဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်တင်သန်းက စာရေးဆရာ အောင်ကိုဦး (UNK) ရေးသားသည့် လူငယ်တွေစဉ်းစားဖို့စာအုပ်ထဲမှ ကိုချစ်တာကိုယ်လုပ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် မောင်အာကာဖြိုးက အင်တာနက်မှာလေ့လာပါ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် မောင်စိုးသူရက လူငယ်နှင့်အခွင့်အလမ်းခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းမှအဖွဲ့ဝင် ဒေါ်တင်သန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ (ပြန်/ဆက်)