ဒဂုံမြောက် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိရာ (၂၇)ရပ်ကွက်၊ အမှတ်(၂၄)မူလတန်းလွန်ကျောင်းနှင့် (၃၄) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတို့၌ ယနေ့နံနက်ပိုင်းက အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအား ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ကျန်းမာရေးမှူး ဒေါ်စန်းစန်းဦးက “ ကျောင်းတွင်းရေစည်ရေကန်များကို အဘိတ်ဆေးခတ်ပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ရေကြည်ရေသန့်များတွင် ပေါက်ပွားသော ပိုးလောက်လန်း ပေါက်ဖွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်၊ ပိုးလောက်လန်းမပေါက်ပွားနိုင်အောင် ခြင်ကျားကင်းစင်တဲ့ ကျောင်းဖြစ်အောင် ကျောင်းသားကျောင်းသူလေးများကို ကျောင်းသန့်ရှင်းရေး ဆောင်ရွက်တဲ့အချိန်တွေမှာ ဆရာ ဆရာမများ ဦးဆောင်ပြီး ကျောင်းသားကျောင်းသူများ ကိုယ်တိုင်ပါဝင် လိုက်ပါ ဆောင်ရွက်စေခြင်းဖြင့် အသိပညာမြှင့်တင်ပေးခြင်း၊ ရေအိုးရေကန်များ၊ ကျောင်းအိမ်သာ ရေအိုးများတွင် ပိုးလောက်လန်းရှိမရှိ စစ်ဆေးခြင်း၊ ပွတ်တိုက်ဆေးကြောခြင်း၊ ရှာဖွေဖယ်ရှားခြင်းတို့ကို အသိပညာပေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
မြင့်မြင့်ရီ