မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာ၌ မူလတန်းကြိုကျောင်းဖွင့်လှစ်မှုအား ကွင်းဆင်းစစ်ဆေး

မိုင်းဆတ် ဇွန် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာ၌ မူလတန်းကြိုကျောင်းဖွင့်လှစ်မှုအား ယနေ့နံနက်(၈)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းနှင့် တာဝန်ရှိသူတို့က မိုင်းတွမ်း တောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာတွင် ဖွင့်လှစ်ထားသည့် ဖူးပွင့်စကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ပူနားကို ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများသို့ ကွင်းဆင်း၍ အသက်(၅)နှစ်မပြည့်သေးသော ကလေးငယ်များအား ကျောင်းအပ်နှံချိန်တွင် အခြေခံရရှိ စေရန်နှင့် ဘဝတစ်သက်တာ အလေ့အကျင့်ကောင်းများရရှိစေရန် ပြုစုပျိုးထောင်မှုအခြေအနေများကိုစစ်ဆေးပြီး တာဝန်ရှိသူတို့က လိုအပ်သည်များမှာကြားခဲ့သည်။

အဆိုပါ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအုပ်ဆရာမများက အသက်(၅)နှစ်မပြည့်သေးသော ရှေးဦးအရွယ်ကလေးသူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး စိတ်လှုပ်ရှားခံစားမှုဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြုစုပျိုးထောင်မှုစနစ်များ၊ သင်ကြားမှုပုံစံများကို အကျယ်တဝင့်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)