ပုဇွန်တောင် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးကောင်းမွန်ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်၊ အနာဂတ်ပညာရေး အခွင့်အလမ်းကောင်းများ ရရှိလာစေရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ် နိုင်စေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ဆေးထိုးနှံသည့် ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆေးထိုးနှံကြသည့် ကျောင်းသား/ ကျောင်းသူများကို အမှတ်(၁၀)ရပ်ကွက်မှ အလှူရှင်များက အာဟာရဒါနအဖြစ် နွားနို့အာဟာရ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူ (၁၂၆၆)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇွန်လ(၂)ရက်နေ့မှစတင်ပြီး စုရပ်များခွဲ၍ ထိုးနှံပေးခဲ့ရာ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့်သာ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဟန်စုယဉ်