ဗိုလ်တထောင်မြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ဗိုလ်တထောင် ဇွန် ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင် မြို့နယ်စာရေးဆရာအသင်း၏ မြန်မာနိုင်ငံ စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ အတွေ့ အကြုံရှင်းလင်းပွဲနှင့် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌ ဆရာမင်းတလွန်းက ညီလာခံအတွေ့အကြုံများကို ရှင်းလင်းတင်ပြရာတွင် တတိယအကြိမ်ညီလာခံကို မေ ၂၁ နှင့် ၂၂ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ဗဟိုကော်မတီဝင်အသစ်များလည်း ပြန်လည်ရွေးချယ်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် ယခင်က စာရေးဆရာ အသင်းမှာ(၁၉၇)သာ ရှိပြီးယခုအခါတိုးတက်လာသည့် အတွက်(၂၀၂)အထိတိုးလာကြောင်း၊ မြန်မာနိုင်ငံစာရေးဆရာ အသင်းအဖွဲ့ဝင်မှာ (၅၀၀၀) ကျော်ရှိလာကြောင်း၊ ရှေ့လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအနေဖြင့် အသင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် တတိယအကြိမ် ညီလာခံက ရွေးချယ်ပေးသော မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုအမှု ဆောင်ကော်မတီဝင် အသစ်(၂၁)ဦးဖြင့် ရွေးချယ်ခဲ့သည်များကို အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီး၊ ဗိုလ်တထောင်မြို့နယ်စာရေး ဆရာအသင်းမှ စီစဉ်ထုတ်ဝေသည့် ရွှေပေလွှာရသစုံမဂ္ဂဇင်း အုပ်ရေ(၁၅၀)အုပ်ကို လှူဒါန်းခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းယဉ်က စာအုပ်များလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)