သထုံမြို့နယ်၌ နိကာယ်စာမေးပွဲ (မဟာဝိဒူတန်း) ဒုတိယနေ့ ဆက်လက်ကျင်းပ

သထုံ ဇွန် ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ နိကာယ်စာမေးပွဲ (မဟာဝိဒူတန်း)ကို သထုံစာဖြေဌာနဖြစ်သည့် မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပလျက်ရှိရာ ဒုတိယနေ့အဖြစ် ယနေ့ မွန်းလွဲပိုင်းက သံဃာတော်နှင့် သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာ၌ ဒုတိယနေ့တွင် စာဖြေအုပ်စု (၁) ပါစိတ္တိယပါဠိဘာသာရပ်၊ အုပ်စု(၆) ဝိမာန၊ ပေတ၊ ထေရ၊ ထေရီဂါထာပါဠိဘာသာရပ်၊ အုပ်စု (၇)  စူဠနိဒ္ဒေသပါဠိဘာသာရပ်နှင့် အုပ်စု(၉) ကထာဝတ္ထုပါဠိဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်ရာ သထုံစာဖြေဌာန၌ အုပ်စု (၁) ပါစိတ္တိယပါဠိဘာသာရပ်အား လာရောက်ဖြေဆိုကြပြီး ဖြေဆိုရန်စာရင်းပေးသွင်းထားသည့် စာဖြေပုဂ္ဂိုလ်ပေါင်း ၅၉ ပါးအနက် သံဃာတော် ၂၀ နှင့် သီလရှင် ၂ ပါး၊ စုစုပေါင်း ၂၂ ပါး လာရောက်ဖြေဆိုခဲ့ကြသည်။

အဆိုပါစာမေးပွဲကို ‌ဇွန်လ ၇ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲ ၅ ရက်တာအတွင်း သထုံစာဖြေဌာန၌ သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၃၄၅ ပါးတို့ ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းထားကြောင်း စာဖြေသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြိုနယ်သံဃာ့နာယကအဖွဲ့မှကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများတို့က ကြီးကြပ်စောင့်ရှောက်ပေးကြကာ အလှူရှင်များတို့က အချိုရည်များ၊ လှူဖွယ်၀တ္တုများဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်း စသည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရှိရသည်။

နဒီ(ပြန်/ဆက်)