ချောင်းဆုံမြို့နယ် (Community Center) ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ချောင်းဆုံ ဇွန် ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ထိခိုက်မှုလျော့နည်းစေရေး အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်းပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမတွင် ယနေ့နံနက် (၁၁) နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်မိသူဇာက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သဘာဝဘေးနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းက မိမိတို့ဌာန၏ လုပ်ငန်း တာဝန် ရည်ရွယ်ချက်အကြောင်းအရာကို လည်းကောင်း၊ သဘာဝဘေး အန္တရာယ်ခံစားရသူများအတွက် ထောက်ပံ့မှုနှုန်းထား ထောက်ပံ့ ပေးမှုအခြေအနေကို လည်းကောင်း၊ ရေဘေး၊ မိုးကြိုး၊ ငလျင်ဘေးနှင့်ပတ်သက်ပြီး ရှောင်ရန် ဆောင်ရန်နှင့် သိသင့်သိထိုက်သည့် အချက်များအားလည်းကောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေ သည့် သဘာဝဘေး အကြောင်းအရာများကိုလည်းကောင်း အသေးစိတ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)