မိတ္ထီလာ ဇွန် ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာမြို့နယ်ဆည်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် ယနေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများအား မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့်ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဌေးမောင်တို့က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအဖြင့် ကျေးလက်နေပြည်သူများအား ဝင်ငွေတိုးအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆည်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပြင် အခြားလုပ်ငန်းများကို လည်း တိုးချဲ့လုပ်ကိုင်ကြစေလိုကြောင်း၊ ကျေးရွာမှဒေသခံပြည်သူများအနေဖြင့် ဌာနမှဖွင့်လှစ်သည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်း(ဆပ်ပြာပြုလုပ်နည်း) သင်တန်းနှင့် စက်ချုပ်သင်တန်းများကို တက်ရောက်ပြီး အိုးမကွာအိမ်မကွာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သွားစေလိုကြောင်း၊ ၎င်းအပြင် ကျေးရွာရှိ ရှစ်တန်းအောင်မြင်သည့် ကလေးငယ်များ သမဝါယမတက္ကသိုလ်မှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် စာရင်းကိုင်သင်တန်းကို တက်ရောက်စေလို ကြောင်း ဒါမှသာ ကျေးရွာရှိ လူငယ်များ အလုပ်အကိုင်အခွင့်အလှမ်းများ ပိုမိုရရှိလာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဆည်ကုန်းကျေးရွာ၊ အိုင့်ကျေးရွာ၊ သနပ်အိုင့်ကျေးရွာ၊ ထနောင်းကုန်းကျေးရွာတို့မှ ဒေသခံပြည်သူများက တင်ပြသည့် ဆည်ကုန်းကျေးရွာ၏ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေး ရေသန့်စက်နှင့်ဆိုလာပန့်တပ်ဆင်ပေးနိုင်ရန်၊ စိုက်ပျိုးရေ အသုံးပြုနိုင်စေရေန် မြေသားရေကန် ပြန်လည်ပြုပြင်ရန်၊ သနပ်အိုင့်နှင့် အိုင့်ကျေးရွာချင်းဆက် မြို့တက်လမ်း အဆင့်မြှင့်တင်ရန်နှင့် ၎င်းလမ်းပေါ်ရှိ ချောင်းကူးတံတား ပြန်လည်ပြုပြင်ပေးရန်၊ ထနောင်းကုန်းကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ပေးရန်တို့ကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှ ဆောင်ရွက်လို့ရသည့် လုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခြားဌာနမှ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာတွင် အိမ်ခြေ ၂၁၀၊ လူဦးရေ ၈၉၄ ဦးရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်လျက်ရှိရာ ကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၁၃ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၉၂ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၉၂ ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂ ဦးတို့က စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)