လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုရာ နည်းပြသင်တန်း ဖွင့်လှစ်

လှိုင်သာယာ(အရှေ့ပိုင်း) ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မသန်စွမ်းသူများ အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းသင်တန်းကို ယနေ့ နံနက် (၈) နာရီခွဲမှ ညနေ (၄) နာရီထိ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုံအတွင်း ကနောင်ခန်းမတွင် နည်းပြသင်တန်း ပို့ချပေးလျက်ရှိသည်။

ရှေးဦးစွာ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသင်တန်းတွင် လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေး ၀န်ကြီးဌာနမှ ဦးစည်သူ၀င်းက မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အား ဆွေးနွေးကာ ဝေါဟာရအသုံးအနှုန်း များကိုလည်း ရှင်းလင်းပြောကြားသည်။

အဆိုပါ နည်းပြသင်တန်းကို မြို့နယ်ဌာနဆိုင်ရာများ၊ မသန်းစွမ်းသူများ၏ အခွင့်အရေး ကော်မတီဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူ (၉၃) ဦး တက်ရောက်သည်။

ထို့နောက် မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ ဆောင်ရန်၊ ရှောင်ရန်များနှင့် လိုက်နာရမည့် အချက်များအားပို့ချပေးခြင်း၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူး၏ အလုပ်ကို အဆင်ပြေချောမွေ့စေရေး ကူညီဆောင်ရွက်ရန်၊ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွင် ပါ၀င်ကူညီအထောက်အပံ့ပေးရန်၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူးအား သင်တန်းပေးရန်၊ မှတ်ပုံတင်အရာရှိ၏ လုပ်ငန်းများအား အထောက်အကူပေးရန် ရည်ရွယ်ချက်တို့ကို လူမှုဝန်ထမ်းမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ရီမာလွင်မှ မသန်းစွမ်းဆိုင်ရာ အကြောင်းအရာများစွာတို့ကို  ပို့ချပြီး အဆိုပါသင်တန်းကို ဇွန်လ (၈) ရက်နေ့မှ (၉) ရက်နေ့အထိ (၂) ရက်ကြာ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ  တာ၀န်ရှိသူများထံမှ သိရသည်။

ခင်ဝင်းမူ(ပြန်/ဆက်)