ထန်းတပင်မြို့နယ်တွင် (အီးအမ်ဘိုကာရှီ) သဘာဝမြေဆွေးပုံ ပြုလုပ်နည်းလက်တွေ့ သရုပ်ပြ

ထန်းတပင်(ရန်ကုန်) ဇွန်လ

သီးနှံပင်များ စိုက်ပျိုးရာတွင် မြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်စေရေး၊ သီးနှံပင်များ ကြီးထွားလာမှုနှုန်းများ မြင့်မားရေးနှင့် သဘာဝမြေသြဇာများနေရာတွင် (အီးအမ်ဘိုကာရှီ) သဘာဝမြေဆွေးကို အစားထိုးအသုံးပြုရန်ရည်ရွယ်၍ (အီးအမ်ဘိုကာရှီ) သဘာဝမြေဆွေးပုံ ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း လည်းသိရသည်။

သဘာဝမြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြသရာတွင်လည်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကို၊ ဒုတိယဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက(အီးအမ်ဘိုကာရှီ) သဘာဝမြေဆွေးပုံ ပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား သဘာဝမြေဆွေးပုံပြုလုပ်နည်း (အီးအမ်ဘိုကာရှီ) ကို လက်တွေ့ပြသခဲ့ကြသည်။

(အီးအမ်ဘိုကာရှီ) သဘာဝမြေဆွေးပုံပြုလုပ်ရာတွင်လည်း (အနုဇီဝသက်ရှိ) အီးအမ်၊ ဖွဲ့နု၊ ကောက်ရိုးခြောက်(သို့မဟုတ်) မြက်ခြောက်၊ ဗေဒါ (သို့မဟုတ်) သစ်ရွက်စိမ်းများ၊ နွားချေး (သို့မဟုတ်) ကြက်ချေး ကုန်ကြမ်းပစ္စည်းများကို လိုအပ်မှာဖြစ်သလို အချိုးအစား အနေဖြင့်လည်း ဆတူရောစပ်ကာ သဘာဝမြေသြဇာနေရာများတွင် (အီးအမ်ဘိုကာရှီ) မြေဆွေးကိုအစားထိုး အသုံးပြုနိုင်ကြောင်းလည်း သိရပြီး (အနုဇီဝသက်ရှိ) အီးအမ်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)