တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်း ကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်း ဖွင့်လှစ်

သံတွဲ ဇွန် ၈

သံတွဲခရိုင်ရဲတပ်ဖွဲ့နှင့် သံတွဲခရိုင်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းကျွမ်းကျင်မှု စွမ်းဆောင်ရည်မြှင့်တင်ရေး (ဆင့်ပွား)သင်တန်းကို ယနေ့ နံနက် ၁၁နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သံတွဲခရိုင် (ခေတ္တ)ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းတင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သင်တန်းသား (၂၂)ဦး တက်ရောက်ကြပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအကြောင်း သိကောင်းစရာများ၊ လုံခြုံရေး အခြေခံသဘောတရားများ၊ အကောက်အခွန်ဦးစီးဌာန၏မူဝါဒ၊ ဖွဲ့စည်းပုံနှင့်တာဝန်၊ တားဆီး ဖမ်းဆီးစစ်ဆေးခြင်း၊ အမြဲတမ်းစစ်ဆေးရေးစခန်းများနှင့် Oss များ၌ စစ်ဆေးမှုလုပ်ငန်းစဉ်များ၊ ကုန်သွယ်ရေးဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ တင်းသွင်း/တင်ပို့ဆိုင်ရာလုပ်ငန်းစဉ်များ၊ ပို့ကုန်လိုင်စင်လျှောက်ထားခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အခြားသင်ခန်းစာများကို ဒုရဲမှူးအောင်ကျော်မိုးနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းအောင်တို့က ဇွန် ၇ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွာမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)