တံတားဦးမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူ (၄၃၈၄) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေး

တံတားဦး ဇွန် ၈

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ အသက်(၅) နှစ်မှ (၁၂) နှစ်အထိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/သူ (၄၃၈၄) ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးနောက် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးကြသည်။

တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း (၁၂၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း (၉) ကျောင်း စုစုပေါင်း (၁၃၀) ကျောင်းရှိရာ  ဆေးထိုးပြီးကျောင်းပေါင်း (၄၄) ကျောင်းတွင် အခြေခံပညာကျောင်းများ၌ ဆေးထိုးပြီး ကျောင်းသား/သူပေါင်း (၄၁၅၄) ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား/သူ(၂၃၀)ဦး ထိုးနှံပြီးစီးပါကြောင်း၊ ဆေးထိုးရန်ကျန်ရှိသော ကျောင်းသား/သူပေါင်း (၃၆၉၄) ဦးအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှ သိရသည်။

ရဲတင့်