ပင်လုံမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဆော်ဩခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ပင်လုံ  စက်တင်ဘာ  ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်းများ အသိပညာပေးခြင်း၊ ရှောင်ရန်/ဆောင်ရန်များအား ပအိုဝ်းဘာသာစကား၊ ရှမ်းဘာသာစကား၊ မြန်မာဘာသာစကားဖြင့် လှည့်လည်ဆော်ဩပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန် လက်ကမ်းစာစောင်များ၊ လူစည်ကားရာ နေရာများ၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာနှင့် ဗွီနိုင်းများကပ်ခြင်း၊ စိုက်ထူခြင်းများအား စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီ အချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆော်ဩခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ လွိုင်လင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရန် အကူအညီပေးရေးအဖွဲ့၊ ပင်လုံမြို့ ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အဖွဲ့တို့ပူးပေါင်း၍  ပင်လုံမြို့အနောက်ပိုင်းရပ်ကွက် (၂)၊ ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ ကျေးရွာများသို့လည်းကောင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ ပင်လုံ)