တာမွေ ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် နိုင်စေရေးနှင့် ရောဂါကွင်းဆင်း ပြတ်တောက်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (စျေးများနှင့် ကုန်စည်ပွဲရုံများဌာန) ၏စီစဉ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ် အတွင်းရှိ လူစည်ကားရာစျေးများ၌ ပါးစပ် / နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ဆက်လက်လိုက်နာ နိုင်ကြစေရေး အတွက် အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက်ဝယ်ယူကြသူများ၊ လမ်းသွားလမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း / စျေးဝယ် ပြုလုပ်ကြရာတွင် နှာခေါင်းစည်း ( Mask ) နှင့် မျက်နှာကာ (Face shield) များ တပ်ဆင် ပြီးမှ စျေးရောင်း / စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံ / ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန် စသည်ဖြင့် အသိပညာပေးခြင်း လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ဦးစားပေး အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းအပြင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါနှင့် စျေးရောင်း / စျေးဝယ် ပြုလုပ်ကြရာတွင် ပါးစပ် / နှာခေါင်းစည်း ( Mask ) တပ်ဆင်သည့် အမူအကျင့်များ လျော့နည်းလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)