သာကေတ ဇွန် ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယာယီဖွင့်လှစ်ထားသည့် ဗိုလ်တထောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဌေးဌေးဝင်း၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးညီညီအောင်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ ဒေါပုံမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယာယီတွဲဖက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများတက်ရောက်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တသောမနအမှူးပြု၍ သံဃာတော်အရှင်သူမြတ်(၅)ပါးတို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့နောက် လှူဖွယ်ပစ္စည်း၊ ဝတ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချအမျှပေးဝေကာ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ဗိုလ်တထောင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းကာ မင်္ဂလာအခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)