သန်လျင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်မြှင့်ဆောင်ရွက်

သန်လျင် စက်တင်ဘာ ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ယမန်နေ့ နံနက်ပိုင်းတွင် မြို့မဈေးကြီးသို့ ဈေးရောင်း၊ ဈေးဝယ် လာရောက်ကြသူများအား နှာခေါင်း စည်း(Mask)များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးကန်များတွင် စနစ်တကျ လက်ဆေး ခြင်းများကို ပညာပေးဆောင်ရွက်လျက်ရှိသည်။

အလားတူ သန်လျင်မြို့နယ်အတွင်းရှိ ဈေးများ၊ လူစည်ကားရာကားဂိတ်၊ ကယ်ရီဂိတ်များ၊ လမ်းသွား လမ်းလာများအား ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အတည်ပြုထုတ်ပြန်ချက်အရ ပိုးတွေ့ လူနာများ ရှိခဲ့ခြင်းကြောင့် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ အရပ်ဖက်လူမှုအသင်းအဖွဲ့များနှင့် စုဖွဲ့၍ နေ့ညမပြတ် ကာကွယ် ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ညစဉ်ပြန်ကြားရေးယာဉ်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအား အချိန်နှင့်တစ်ပြေးညီ ကြေညာဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)