ဆီဆိုင်မြို့နယ်၌  ကျောင်းသား၊ ကျောင်းသူ (၁၇၉၁၉)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်

ဆီဆိုင် ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း  အသက်(၅) နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန်လ ၂ ရက်နေ့မှ ယမန်နေ့အထိ သတ်မှတ်ထားသောနေရာများ၌ ဆေးထိုးအဖွဲ့များဖြင့် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ Volunteer များမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။ မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၂၁၆၈၄)ဦးအား ကာကွယ်ဆေးထိုးနှံရန် လျာထားပြီး ကျောင်းသား၊ ကျောင်းသူ(၁၇၉၁၉)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း ဆေးထိုးစုရပ်များဖြစ်သည့် အထက(ဘုရားဖြူ)၊ အထက(ဆိုက်ခေါင်)၊ အထက(နောင်ထော်)၊ အထက(ဘန်းယဉ်)၊ အထက(လွယ်ပွတ်)၊ အထက(ထမ့်ယမ်း)၊ အထက (ပန်ကန်း)၊ အထက(ဆိုင်လဲ)၊ အထက(ပချားကလို့)၊ အထက(ပန်အွန်း)၊ အထက(နောင်မွန်)၊ အလက(နားမွန်း)၊ အလက(မမုံ့ဆုံ)၊ နောင်ရင်း အခြေခံပညာမူလတန်းလွန်ကျောင်းစသည့် ဆေးထိုးစုရပ်(၁၄)နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)