တပ်ကုန်းမြို့၌  စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

တပ်ကုန်း  ဇွန် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် တောင်သူလယ်သမားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၆ရက်နေ့က စတင်ပြီး၊ တပ်ကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရ သည်။

ထိုစိုက်ပျိုးစရိတ်ချေးငွေများအား တောင်သူများလက်ဝယ်အရောက် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး၊ စပါးတစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်း၊ အခြားသီးနှံ ချည်မျှင်ရှည်ဝါ၊ ပဲတီစိမ်း တစ်ဧကလျှင် ငွေကျပ်(၁၀၀၀၀၀)နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ တောင်သူတစ်ဦးကို စိုက်ပျိုးမြေဧက (၁၀)ဧကအထိ ထုတ်ချေးနိုင်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေကျပ် (၁၀၀)လျှင် တစ်နှစ်အတွက် (၅)ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီး၊ သီးနှံပေါ်ချိန် သတ်မှတ်လတွင် ပြန်ဆပ်သည့်အခါ အတိုးအရင်းပေါင်း၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

တပ်ကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးငွေများကို မေ ၁၆ ရက်မှ ဇွန် ၇ရက်နေ့အထိ ကျေးရွာအုပ်စု(၉)အုပ်စု၊ တောင်သူပေါင်း (၈၉၈)ဦး၊ စပါး (၂၁၀၂) ဧက၊ ချည်မျှရှည်ဝါ (၁၉၁၂)ဧက၊ ပဲတီစိမ်း(၂၀၀)ဧက၊ စုစုပေါင်း (၄၂၁၄) ဧကအတွက် ချေးငွေကျပ်သန်းပေါင်း (၅၂၆.၅၀)ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် ညောင်ကိုင်းကျေးရွာအုပ်စု၊တောင်သူများအား ထုတ်ချေးပေးနေကြောင်းနှင့် ယခင်နှစ်ချေးငွေဟောင်းများ ချေးငွေပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူများကိုရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ချေးငွေစီစစ်ရေးအဖွဲ့များနှင့်ဆက်သွယ်ပြီး အမြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)