ဒဂုံတောင် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေး စွဲလန်းမှု ဖြစ်ပေါ်ရသည့်အကြောင်းများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ အစရှိသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးကို အလွဲသုံးစားပြုနေမှုအကြောင်းကို ဆက်လက်ဆွေးနွေး ပြောကြားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ဆောင်ရွက်မှုများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွင့်ဆောင်ရွက်ထားရှိပြီး အများပြည်သူ ဗဟုသုတ ရရှိစေမည့် အသိပညာပေး အစီအစဉ်များလည်း ဆက်လက်ပြုလုပ် ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)